Transcript
ထိန်းချုပ်ခန်းတစ်ခုထဲမှာ လူရာကျော်က စားပွဲပေါ်ကခလုတ်တွေနှိပ်ပြီး လူသန်းတစ်ထောင်ကိုထိန်းချုပ်နေတယ်လို့ စိတ်ကူးယဥ်ကြည့်ပါ။
ဒါကို စိတ်ကူးယဥ်သိပ္ပံဆန်တယ်လို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဒါဟာ ဒီနေ့၊ ဒီအချိန်မှာ တကယ်ဖြစ်နေတာပါ။ ကျွန်တော်ဘာလို့သိလဲဆိုတော့ ထိန်းချုပ်နေတဲ့လူတွေထဲက လူတစ်ယောက်ဖြစ်ဖူးလို့ပါ။ ကျွန်တော် Google မှာ Design Ethicist အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ လူတွေရဲ့အတွေးတွေကို ဘယ်လိုထိန်းချုပ်စီမံရမယ်ဆိုတာ အဲ့ဒီမှာ လေ့လာခဲ့ပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေမှာအလုပ်လုပ်နေတဲ့
သူတွေဟာ လူသန်းတစ်ထောင်ရဲ့အတွေးတွေကို ဘယ်လို၊ ဘယ်ပုံထိန်းချုပ်စီမံနေတယ်ဆိုတာကို ဘယ်သူမှထုတ်မပြောကြပါဘူး။ ခင်ဗျားဟာဖုန်းကိုထုတ်ပြီး Newsfeed ကိုကြည့်မိနေတယ်ဆိုတာ တကယ်တော့ခင်ဗျားစိတ်ထဲက အစိတ်အပိုင်းလေးတွေကို ထိန်းချုပ်စီမံနေတာပါ။
Notification တစ်ခုဟာ ကျွန်တော်တို့စိတ်ထဲမှာ မရည်ရွယ်ဘဲတစ်ခုခုတွေးမိအောင်လုပ်နေပါတယ်။ အဲ့ဒီ Notification ကို ဖွင့်ကြည့်မိပြီး ကျွန်တော်တို့ကို အချိန်ဖြုန်းအောင်လုပ်နေတာပါ။ ကိုယ့်စိတ်ထဲမှာလုပ်ဖို့အစီအစဥ်မရှိတဲ့အရာတစ်ခုကို လုပ်အောင် ခိုင်းနေတာပါ။
နည်းပညာ လို့ဆိုလိုက်ရင် အခွင့်အလမ်းတွေပေါများပြီး တိုးတက်ချင်တိုင်းတိုးတက်လို့ရတဲ့ ကောင်းကင်ကြီးတစ်ခုလို့မြင်ကြတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဲ့ဒီကောင်းကင်ကြီးဟာ တစ်နေရာတည်းကိုပဲဦးတည်သွားနေပါတယ်၊ တစ်ခုတည်းရဖို့အတွက်ပဲ ကြိုးစားနေပါတယ်။
နည်းပညာဟာ ဗြောက်သောက်တိုးတက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဖန်တီးတဲ့အရာတိုင်းမှာ တစ်နေရာတည်းကိုဦးတည်သွားဖို့ ဖုံးကွယ်ထားတဲ့ရည်မှန်းချက်တွေရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ဆီက စိတ်ဝင်စားမှု၊ Attention ကို ရနိုင်သမျှရဖို့ပါ။
ဘာလို့လဲဆိုတော့ သတင်း website တွေ၊ TED အပါမဝင် ရွေးကောက်ပွဲ website,နိုင်ငံရေး website တွေ၊ ဂိမ်း website တွေနဲ့ တရားထိုင်ဖို့ကူညီတဲ့ website တွေတောင် တစ်ခုတည်းရဖို့ကို ယှဥ်ပြိုင်နေရပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှု၊ ကျွန်တော်တို့ရဲ့ Attention ပါပဲ။ ကျွန်တော်တို့ဆီက Attention ရဖို့ ယှဥ်ပြိုင်နေတဲ့သူတွေ များစွာရှိပါတယ်။
ကျွန်တော်တို့စိတ်တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိတာဟာ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုကိုရဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်ကောလိပ်တက်တုန်းကလေ့လာခဲ့ရသလောက် လူတွေကိုဆွဲဆောင်ဖို့၊ လူတွေစိတ်ဝင်စားမှုရဖို့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဥပမာပေးရမယ်ဆိုရင် Youtube ကိုကြည့်ပါ။ Youtube ဟာ ကျွန်တော်တို့ကိုပိုသုံးစေချင်တယ်။ အဲ့တော့ သူတို့ဘာလုပ်လဲ။ Video တွေကို အလိုအလျောက်ပြအောင် autoplay လုပ်လိုက်တယ်။ ဒါဟာ တကယ်ကိုအလုပ်ဖြစ်ပြီး လူတွေပိုသုံးလာကြတယ်။ တကယ်လို့ ခင်ဗျားက Netflix ရဲ့ တည်ထောင်သူဆိုပါစို့၊ ခင်ဗျားက အဲ့လိုအလုပ်ဖြစ်တာကိုကြည့်ပြီး ခင်ဗျားစျေးကွက်မထိအောင် ဇာတ်လမ်းတွေကို autoplay လုပ်မှာပါ။ Facebook ကလည်း ငါတို့ရဲ့စျေးကွက်ကိုထိခိုက်လာပြီဆိုပြီး Newsfeed မှာရှိသမျှ Video တွေကို Autoplay လုပ်မှာပါ။
ဒါကြောင့် နည်းပညာဟာ ဗြောက်သောက်တိုးတက်နေတာမဟုတ်ပါဘဲ ရည်ရွယ်ချက်ရှိပါတယ်။ နည်းပညာဟာမကောင်းတော့ဘူးလို့ ကျွန်တော်တို့ခံစားလာရတာဟာ သူတို့ဟာ ကျွန်တော်တို့ရဲ့စိတ်ဝင်စားမှုရအောင် ပိုယှဥ်ပြိုင်လာကြလို့ပါ။
ဒါဘယ်နေရာကိုဦးတည်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ နည်းပညာဟာ သူ့ချည်းသက်သက်မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုကိုရသည်ထက်ရဖို့ ပိုပိုကြိုးစားလာပါတယ်။
Snapchat ကိုဥပမာပေးချင်ပါတယ်။ Snapchat ဟာ အမေရိကမှာ ဆယ်ကျော်သက်တွေအချင်းချင်း ဆက်သွယ်ဖို့သုံးတဲ့ နံပါတ် 1 နည်းလမ်းပါ။ ကျွန်တော့်လိုမျိုး စာတွေအပြန်အလှန်ပို့ပြီးဆက်သွယ်ကြတဲ့ ဆယ်ကျော်သက်တွေအတွက်ပါ။ Snapchat ကိုသန်းပေါင်းများစွာအသုံးပြုကြပါတယ်။
Snapchat ဟာ လူနှစ်ယောက်စာအပြန်အလှန်ပို့တဲ့ရက်ပေါင်းကိုပြတဲ့
Snapstreaks ဆိုတဲ့ feature ကိုတီထွင်လိုက်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် Snapchat က အဲ့ဒီလူနှစ်ယောက်ကို သူတို့မဆုံးရှုံးချင်တဲ့အရာတစ်ခုကို ပေးလိုက်တာပါ။ တကယ်လို့ခင်ဗျားဟာ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ရင် သူငယ်ချင်းနဲ့ ရက်ပေါင်း 150 တောင် စာအပြန်အလှန်ပို့ခဲ့တယ်ဆိုတာလေးကို သဘောကျပြီးမှတ်ထားချင်မှာပါ။
ဒါကြောင့် ကလေးတွေရဲ့စိတ်ထဲမှာ အတွေးသေးသေးလေးတွေကို သေချာစီမံနေတယ်လို့တွေးကြည့်ပါ။ဒါက သက်သေမရှိဘဲ လျှောက်ပြောထားတာမဟုတ်ပါဘူး။ အဲ့ဒီကလေးတွေဟာ သူတို့မသုံးတဲ့အချိန်မှာတောင် snapstreaks တွေများလာဖို့ လေ့လာရေးခရီးထွက်ကြတဲ့အခါ သူတို့သူငယ်ချင်း 5 ယောက်ကို password တွေပေးပြီး သုံးခိုင်းပါတယ်။ snapchat မှာသူတို့နဲ့ စကားပြောနေတဲ့သူ အယောက် 30 လောက်ရှိတယ်ဆိုရင် ဘာမှပြောစရာမရှိရင်တောင် snapstreaks တွေပိုများဖို့ မျက်နှာကြက်တို့၊ နံရံတို့လို တွေ့ကရာဓါတ်ပုံရိုက်ပြီး အပြန်အလှန်ပို့နေကြတယ်။ ဒါကြောင့် အချင်းချင်းဆက်သွယ်နေတယ်လို့တောင်ပြောလို့မရတော့ပါဘူး။
သူတို့ Snapchat သုံးတာဟာ ငါတို့တွေ သူငယ်ချင်းတွေနဲ့ဖုန်းမှာအတင်းတုပ်သလိုမျိုးပဲလို့ ခင်ဗျားတွေးပါလိမ့်မယ်။ ဒီအထိကအဆင်ပြေပါသေးတယ်။ ဒါပေမယ့် မတူတော့တာက ကျွန်တော်တို့တွေ သူငယ်ချင်းနဲ့ဖုန်းမှာအတင်းတုပ်ကြရင် အခန်းတစ်ခန်းထဲမှာ ကျွန်တော်တို့စိတ်ကိုလေ့လာနားလည်ထားတဲ့ နည်းပညာရှင်ရာကျော်က ထိန်းချုပ်နေတာမျိုးမရှိပါဘူး။
ဒီလိုမျိုးထိန်းချုပ်ခံလာရပြီး စိတ်တိုဒေါသထွက်ပြီး မကျေမနပ်ဖြစ်စေတဲ့အရာတွေပြပြီး ခင်ဗျားကို မကောင်းဘူးလို့ခံစားစေရင်၊ ဒေါသဖြစ်စေရင်တောင်
အဲ့ဒီခံစားချက်ကပဲ ကျွန်တော်တို့ပိုစိတ်ဝင်စားအောင်လုပ်နေတယ်ဆိုတာ သိထားပေးပါ။ကျွန်တော်တို့ဟာ Newsfeed မှာ မကောင်းတာကို၊ ဒေါသဖြစ်စေတဲ့အရာတွေကို ရွေးချယ်ပြီးဖြစ်ခိုင်းလို့မရပါဘူး။ နောက်ပြီး Facebook ရဲ့ Newsfeed ဟာ မကောင်းတာတွေဖြစ်တဲ့အခါ၊ စိတ်ဆိုးဒေါသထွက်ကြတဲ့အခါ လူတွေပိုပြီးစိတ်ဝင်စားကြလို့ ပိုပြီးအကျိုးအမြတ်ရအါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ စိတ်ဆိုးဒေါသထွက်ရုံ၊ မကျေမနပ်ဖြစ်ရုံနဲ့တင် မရပ်သွားပါဘူး၊ ကျွန်တော်တို့ဟာ Post တစ်ခု၊ video တစ်ခုကိုကြည့်ပြီး “သူပြောတာကြီးကို မင်းတို့ကယုံတယ်ပေါ့”ဆိုတာမျိုး တခြားလူတွေကိုလည်းသိစေချင်ပါတယ်။ ဒီတော့ တခြားလူတွေကို share ရင်း၊ ပြောရင်း ပိုပိုသုံးမိလာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ကို မကျေမနပ်ဖြစ်အောင်လုပ်တာ စိတ်ရှုပ်စေတာဟာ ကျွန်တော်တို့ရဲ့စိတ်ဝင်စားမှုကို ပိုရစေပါတယ်။
တကယ်လို့သာ Facebook ဟာ ခင်ဗျားကို စိတ်ဆိုးဒေါသထွက်စေတဲ့ Newsfeed နဲ့ ဘာမှမဖြစ်စေတဲ့ Newsfeed ကိုပြရမယ်ဆိုရင် ခင်ဗျားကို ဒေါသဖြစ်စေတဲ့ Newsfeed၊ မကောင်းတဲ့ Newsfeed ကိုပြမှာပါ။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုကို ပိုရလို့ပါ။
ဒီ Newsfeed ကိုထိန်းချုပ်နေတဲ့သူတွေဟာ ကျွန်တော်တို့အကျိုးအတွက်လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှု၊ Attention အများဆုံးရဖို့ပဲ လုပ်နေကြတာပါ။ ဘာလို့လဲဆိုတော့ ကြော်ညာပြီး ပိုက်ဆံရှာတဲ့ လုပ်ငန်းတွေဖြစ်လို့ပါ။ ကြော်ငြာဖို့ ပိုက်ဆံအကုန်အကျခံနိုင်တဲ့သူတွေဟာ အဲ့ဒီထိန်းချုပ်ခန်းထဲကိုဝင်လာပြီး
“ဒီနိုင်ငံ၊ ဒီမြို့၊ ဒီနေရာက ဒီလူတွေကို ဒီလိုတွေးအောင်လုပ်ပေး” လို့ခိုင်းနေကြပါတယ်။ ခင်ဗျားဟာ လူတွေကို တိတိကျကျပစ်မှတ်ထားပြီးယုံအောင်လုပ်ပစ်လို့ရပါတယ်။ နောက်ပြီး ဒီလိုလုပ်တာက ပိုက်ဆံပိုရတဲ့အတွက် ရပ်သွားဖို့မရှိဘဲ ပိုပိုဆိုးသွားဖို့ပဲရှိတယ်။
ကျွန်တော်ဘာလို့ ဒီကိုလာပြောရလဲဆိုတော့ ကျွန်တော်တို့ပေးဆပ်လိုက်ရတာတွေ သိပ်များနေလို့ပါ။ ဒီထက်ဆိုးတဲ့ပြဿနာ မတွေ့ဖူးပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တခြားပြဿနာတွေရဲ့အရင်းမြစ်ဖြစ်လို့ပါ။ ကျွန်တော်တို့စိတ်ဝင်စားတဲ့အရာတွေနဲ့အချိန်ဖြုန်းပြီး ကိုယ်စိတ်ကြိုက်နေတာ လို့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်မှုပုံစံတွေ၊ ကျွန်တော်တို့ရဲ့ဒီမိုကရေစီ၊ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူမှုဆက်ဆံရေးတွေဟာ ပြောင်းလဲခံနေရပါတယ်။ ဒါဟာလူတိုင်းကိုကူးစက်နေပါတယ်။ ဘာလို့လဲဆိုတော့ လူသန်းတစ်ထောင်ကျော်ရဲ့အိတ်ကပ်တွေထဲမှာ အချိန်မရွေးထုတ်သုံးလို့ရတဲ့ ဖုန်းတစ်လုံးရှိနေလို့ပါ။
ငါတို့ဒါကိုဘယ်လိုပြင်မလဲ။
ငါတို့ဟာ နည်းပညာနဲ့ လူမှုဘဝကိုပြောင်းလဲဖို့ အရေးအကြီးဆုံးဖြစ်တဲ့အရာ 3 ခုကိုပြောင်းလဲရမယ်။
ပထမတစ်ခုက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ အတွေးလေးတွေကို လိုသလို ထိန်းချုပ်စီမံလို့ရတယ်၊ လိုသလို ဆွဲဆောင်လို့ရတယ်ဆိုတာ လက်ခံကြရမယ်။ ဒါကိုနားလည်သွားရင် ကျွန်တော်တို့ဟာ အဲ့ဒီအရာကိုပြန်ကာကွယ်ရမယ်ဆိုတာ သိသွားကြမှာပါ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အမြင်သစ်နဲ့ကြည့်ရမယ်လို့ ကျွန်တော်ထင်တာပဲ။ ဒါဟာ 17 18 ရာစုလောက်က သမိုင်းမှာတော်လှန်ရေးတွေ အပြောင်းအလဲတွေဖြစ်ခဲ့တဲ့ “The Enlightenment” လိုမျိုး သမိုင်းအပြောင်းအလဲတစ်ခုလို့တောင်ပြောလို့ရတယ်။ ကျွန်တော်တို့ရဲ့စိတ်ကိုနည်းပညာနဲ့ ထိန်းချုပ်စီမံလို့ရတယ်ဆိုတာ၊ ကျွန်တော်တို့ကာကွယ်ရမယ့်အရာတွေရှိနေပြီဆိုတာ ပထမဆုံး အလင်းပြကြရမှာပါ။
ဒုတိယကတော့ စီးပွားရေးပုံစံအသစ်တွေနဲ့ ကျွန်တော်တို့ရဲ့လူမှုဘဝကောင်းမွန်ဖို့၊ လူတွေရဲ့အကျိုးရှိဖို့ ထည့်သွင်းစဥ်းစားတဲ့စနစ် တစ်ခုလိုပါတယ်။ ဘာကြောင့်လဲဆိုရင် နည်းပညာကုမ္ပဏီတွေဟာ သူတို့လိုချင်တာရဖို့ ပိုပိုဆွဲဆောင်ပြီးထိန်းချုပ်လာကြပါတယ်။ ထိန်းချုပ်ခန်းကလူတွေဟာ ကျွန်တော်တို့လိုချင်တာတွေ၊ မလိုချင်တာတွေကိုလည်း လုပ်ပေးရမယ်။
တရားနည်းလမ်းကျတဲ့ဆွဲဆောင်သိမ်းသွင်းမှုဟာ ဆွဲဆောင်သိမ်းသွင်းသူရဲ့လိုချင်တဲ့ဆန္ဒတွေနဲ့ သိမ်းသွင်းခံရတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒတဲ့ ထပ်တူညီတဲ့အခါမှာပဲ ဖြစ်ပေါ်ပါတယ်။
ဒါကြောင့် ကြော်ငြာလုပ်ငန်းနဲ့စီးပွားရှာတဲ့ပုံစံတွေကို မေးခွန်းထုတ်ဖို့လိုလာပါတယ်။
- နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့တွေဟာ အရာအားလုံးကို အသစ်ပြန်ပြီး ဒီဇိုင်းဆွဲရမယ်။ ခင်ဗျားဟာ လူသန်းတစ်ထောင်ကျော်ရဲ့အတွေးတွေကို မွှေနှောက်ပြီးလိုသလိုထိန်းချုပ်လို့ရတယ်ဆိုတာရယ်၊ လူတွေဟာ သူတို့လုပ်ချင်တဲ့အရာ၊ သူတို့တွေးချင်တဲ့အရာ၊ သူတို့ခံစားချင်တဲ့အရာ၊ သူတို့ကိုသိစေမယ့်နည်းလမ်းတွေကနေ ရှောင်ဖယ်ပြီး တခြားနေရာတွေကို ဦးတည်ဘက်လွဲသွားတယ်ဆိုတာကို နားလည်ပြီး ကျွန်တော်တို့လိုချင်တဲ့အရာကို တိတိကျကျပဲဖော်ပြပေးပြီး အချိန်ကို သေချာအသုံးချစေတဲ့အရာဖြစ်အောင် အသစ်ပြန်ပြီး ဒီဇိုင်းဆွဲဖို့ လိုပါတယ်။
ဒီလိုလုပ်ရာမှာ ၂ ခုရှိပါတယ်။
* ပထမတစ်ခုက နှောက်ယှက်လာတဲ့အရာတွေကို ကာကွယ်တာပါ။ အာရုံစိုက်နေချိန်မှာ ကိုယ်မြင်ဖို့မရည်ရွယ်ထားတဲ့အရာတွေမမြင်စေဖို့၊ ကိုယ်တွေးဖို့မရည်ရွယ်တာတွေ မတွေးမိဖို့၊ ဒင်းး ဆိုတဲ့ notification အသံလေးပေါ်မလာဖို့ ကာကွယ်တာပါ။
- ဒုတိယတစ်ခုကတော့ အကျိုးရှိစေတဲ့နေရာမှာနေအောင်၊ အကျိုးရှိတာလုပ်အောင် တွန်းအားပေးတဲ့ Platforms တွေဖန်တီးရပါမယ်။ ဥပမာတစ်ခုပြောပြပါမယ်။ဒီနေ့မှာ မင်းသူငယ်ချင်းက မအားလို့ မင်းနဲ့စားမယ့်ညစာကိုဖျက်လိုက်တယ်ပေါ့။ မင်းက ပျင်းလာတယ်။ ဆိုတော့ ဘာလုပ်မလဲ။ ဖုန်းထုတ်ပြီး Facebook သုံးတယ်။ အဲ့ဒီအခါမှာ ထိန်းချုပ်ခန်းထဲက ဒီဇိုင်နာဟာ မင်းဆီကတစ်ခုတည်းကိုပဲအမိအရယူဖို့စလုပ်ပါတယ်။ မင်း အချိန်ပိုဖြုန်းအောင် လုပ်ဖို့ပေါ့။
ငါတို့လိုချင်တာက အဲ့ဒီအစား ဒီဇိုင်နာတွေဟာ ငါတို့ဆီကရတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ငါတို့ရဲ့သူငယ်ချင်းတွေ၊ ငါတို့ချစ်တဲ့သူတွေနဲ့ အပြင်ထွက်ပြီး ညစာစားဖြစ်အောင်ကူညီဖို့ ဒီဇိုင်းဆွဲပေးထားတာမျိုးပါ။
တကယ်လို့ Facebook သာ ဒီလို လူတွေကိုကူညီဖို့ ဒီဇိုင်းဆွဲထားမယ်ဆိုရင် တစ်ယာက်တည်းထိုင်ပြီးဖုန်းသုံးနေတဲ့ အထီးကျန်စိတ်တွေ ဘယ်လောက်တောင်နည်းသွားမလဲ စဥ်းစားကြည့်ပါ။
နောက်တစ်ခုစဥ်းစားကြည့်ပါဦး။ မင်းက Facebook မှာ အကြောင်းအရာတစ်ခုကို အငြင်းအခုန် လုပ်ကြတယ်ပေါ့။ ဆွေးနွေးငြင်းခုန်ဖို့ဆိုတာ တကယ်အရေးကြီးတဲ့ကိစ္စပဲဆိုတာ ငါမငြင်းပါဘူး။ အဲ့ဒီ Post အောက်မှာ comment box အကြီးကြီးက မင်းဘာစာလုံးရိုက်ချင်လဲလို့ အရန်သင့်မေးနေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒါက ဖုန်းဆက်သုံးနေအောင် မင်းစိတ်ကိုလှုံ့ဆော်နေတာပဲ။
အဲ့ဒီအစား Facebook က “ ဒီအချိန်မှာ သင့်အတွက် အချိန်ကိုအကျိုးရှိစေမယ့်အရာကဘာလဲ” ဆိုတဲ့ ခလုတ်လေးထားပေးပြီး မင်းက “ညစာကျွေးမယ်” ဆိုတာကိုရွေးလိုက်မယ်ပေါ့။ အဲ့ဒီခလုတ်လေးက “ဘယ်သူညစာစားချင်လဲ” ဆိုတာ ငါ့သူငယ်ချင်းတွေကိုမေးမှာဖြစ်တယ်။ ဒီလိုလုပ်တဲ့အတွက် အစောက Post ကို မင်းနဲ့မင်းသူငယ်ချင်းတွေက ဆက်ဆွေးနွေးငြင်းခုန်နေဦးမှာ ဖြစ်ပေမယ့် မင်းကိုညစာထွက်စားဖြစ်အောင် တွန်းအားပေးနေမှာပဲ။ အဲ့ဒီည မင်းအိမ်မှာ သူငယ်ချင်းနည်းနည်းနဲ့ ညစာစားရင်း အစောကအကြောင်းတွေပြောဖို့ တွန်းအားပေးမှာပဲ။
အခုငါတို့ဟာ ငါတို့ကို ပိုပိုဆွဲဆောင်ပြီး ထိန်းချုပ်နေတဲ့အစိတ်အပိုင်းအသေးလေးတွေကို တစ်ခုချင်းစီလိုက်ပြုပြင်ပြီး ငါတို့လိုချင်တဲ့အရာတွေရဖို့ကူညီပေးတဲ့အရာဖြစ်အောင် အစားထိုးပစ်ရမယ်။ ကျွန်တော်ဥပမာပေးလိုက်သလို အတိအကျဖြစ်ဖို့ မလိုပါဘူး။ ငါတို့ရဲ့စိတ်ဝင်စားမှုကိုပဲ အသေအလဲရဖို့ကြိုးစားနေထာထက် ငါတို့ရဲ့အချက်အလက်တွေကိုအသုံးပြုပြီး ပိုပြီးအာရုံစိုက်နိုင်တဲ့သူတွေဖြစ်အောင်၊ ငါတို့ကြည့်ချင်တဲ့အရာတွေကိုပဲကြည့်အောင်၊ ငါတို့အတွက် အရေးကြီးတဲ့ ဒီမိုကရေစီအတွက်ပဲ အကျိုးရှိရှိငြင်းခုန်အောင် လုပ်ပေးကြရပါမယ်။
ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံးစိန်ခေါ်မှုကိုဖြေရှင်းဖို့ ငါတို့ရဲ့ Attention ကို အကျိုးရှိအောင်အသုံးချရုံတင်မကဘဲ ငါတို့ရဲ့စုပေါင်းအားကိုအသုံးပြုပြီးဖြေရှင်းကြရမယ်။ ရာသီဥတုဖောက်ပြန်လာမှုဟာ လူပေါင်းများစွာရဲ့စုပေါင်းအားတွေကိုအသုံးပြုပြီး ဖြေရှင်းရမှာဖြစ်သလိုပဲ။ အဲ့ဒီလိုဖြစ်ဖို့လည်း ငါတို့လုပ်နိုင်တယ်လို့ စိတ်ကူးကြည့်ပါ။ တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ ငါတို့ကို ဖြေရှင်းခိုင်းနေတဲ့ပြဿနာတွေဟာ အနာဂတ်မှာဖြစ်မယ့်စိတ်ကူးယဥ်ပြဿနာတွေကိုပြောနေတာမဟုတ်ဘူး။ ငါတို့ကိုဖြေရှင်းခိုင်းနေတဲ့ပြဿနာတွေဟာ အခုလက်ရှိ ငါတို့ရှေ့မှောက်မှာရောက်နေတဲ့ပြဿနာတွေပါ။ လူသန်းတစ်ထောင်ကျော် ထိန်းချုပ်စီမံခံနေရတဲ့ ပြဿနာပေါ့။
နောင်အချိန်မှာ ငါတို့ရဲ့ Attention ကိုရဖို့ကြိုးစားနေတဲ့ နည်းပညာကုမ္ပဏီတွေ နည်းတူဖြစ်လာမယ့် AR, VR တွေကို ကြိုတားမြစ်ဖို့စိတ်အားထက်သန်နေတာထက် လူသန်းတစ်ထောင်ကျော်ရဲ့အိတ်ကပ်ထဲမှာရှိနေပြီးဖြစ်တဲ့ ပစ္စည်းတစ်ခုရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ရတယ်။
အရမ်းကိုသစ်ဆန်းလာမယ့် ပညာရေး apps တွေကိုမျှော်ပြီးစိတ်လှုပ်ရှားနေတာထက် ငါတို့ကလေးတွေ ပြောစရာမရှိရင်တောင် ဘာစာမှမပို့ဘဲ ဗလာမက်ဆေ့ဂျ်တွေပို့အောင် ထိန်းချုပ်ခံလာရတာကို ပြုပြင်လို့ရတယ်။
နောင်မှဖြစ်လာမယ့် AI ရဲ့ဆိုးကျိုးတွေကို ကြိုတွေးပြီးခန့်မှန်းစိုးရိမ်နေတာထက် ငါတို့ရဲ့ Newsfeed ကိုချယ်လှယ်ပြသပြီး ထိန်းချုပ်လာတဲ့ အခုလက်ရှိ ရှိနေတဲ့ AI တွေကို ပြုပြင်လို့ရတယ်။
တခြားဂြိုဟ်တွေဆီကိုသွားပြီးနယ်ချယ်ဖို့ကြိုးစားနေတာထက် အခုလက်ရှိ နေနေတဲ့ ကမ္ဘာကြီးကို ပိုကောင်းအောင်ကြိုးစားလို့ရတယ်။ ဒီပြဿနာကို ဖြေရှင်းတာဟာ ဒီပြဿနာကြောင့်ဖြစ်လာတဲ့ တခြားပြဿနာတွေကို ဖြေရှင်းလိုက်တာပဲ။ ငါတို့ဟာ ငါတို့ရဲ့ Attention ကို ငါတို့ပေးချင်တဲ့အရာတွေကိုပဲ ပေးခြင်းဖြင့် ဒီပြဿနာတွေကိုဖြေရှင်းကြရမှာပါ။ ငါတို့ဘဝအဆုံးသတ်သွားရင် ငါတို့မှာ ငါတို့ရဲ့ Attention နဲ့ အချိန်တွေပဲကျန်မှာပါ။
မင်းအတွက်အချိန်ကိုအကျိုးရှိစေမယ့်အရာက ဘာလဲ။
______________________